International News

အရေးပါသည့်သယံဇာတများ တူးဖော်ထုတ်လုပ်နိုင်ရေးအတွက် ဂျပန်နှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် အာဖရိက၌ ပူးတွဲရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားမည်

Last Updated:

ဂျပန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် အာဖရိကကဲ့သို့သော ဒေသများတွင် အရေးပါသည့်သယံဇာတများ တူးဖော်ထုတ်လုပ်သည့်ကဏ္ဍများ၌ ပူးတွဲရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအပါအဝင် စီးပွားရေးလုံခြုံမှုအတွက် ဝန်ကြီးအဆင့်ဆွေးနွေးပွဲများ ပြုလုပ်သွားနိုင်မည့်မူဘောင်တစ်ရပ်ချမှတ်သွားမည်ဖြစ်ပါသည်။

အဆိုပါသတင်းတွင် တွင်းထွက်သယံဇာတများ စဉ်ဆက်မပြတ်ရရှိနိုင်မှုသေချာစေရေးအတွက် ဂျပန်နှင့်ဗြိတိန်နိုင်ငံတို့အနေ ဖြင့် သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Yasutoshi Nishimura အနေဖြင့် ၆-၉-၂၀၂၃ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ သွားရောက်၍ ဗြိတိန်စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဖြစ်သူ Kemi Badenoch နှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးများအနေဖြင့် ဂျပန်-ဗြိတိန်မဟာ ဗျူဟာမြောက် စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာမူဝါဒဆွေးနွေးပွဲ စတင်ပြုလုပ်သွားမည့်အစီအစဉ်ပါဝင်သည့် နှစ်နိုင်ငံ ပူးတွဲကြေညာချက်ကို ထုတ်ပြန်သွားနိုင်ရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။

လေစွမ်းအားနှင့် လျှပ်စစ်ယာဉ်ကဲ့သို့သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် နည်းပညာထုတ်ကုန်များအတွက် အရေးပါသည့် Cobalt နှင့် Nickel ပိုမိုထုတ်လုပ်ရရှိနိုင်ရေး ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အဆိုပါတွင်းထွက်သယံဇာတများကို တရုတ်နိုင်ငံအပါအဝင် အခြားသောနိုင်ငံများမှ တင်သွင်းနေရကြောင်း၊ နှစ်နိုင်ငံဆောင်ရွက်သွားမည့်မူဘောင်သဘောတူညီချက်အရ အရေးပါသည့်တွင်းထွက်သယံဇာတများ စဉ်ဆက်မပြတ်ရရှိနိုင်ရေးအတွက် အရင်းအမြစ်သစ်များရှာဖွေနိုင်ရန် အာဖရိကကဲ့သို့သော သယံဇာတကြွယ်ဝသည့်ဒေသများတွင် သတ္တုရရှိနိုင်မည့်နေရာများအား ရှာဖွေ၍ သတ္တုသန့်စင်စက်ရုံများ တည်ထောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အာဖရိကရှိ ဇမ်ဘီယာနိုင်ငံသည် ကြေးနီနှင့် နီကယ်ထုတ်လုပ်မှုတွင် အထင်ကရနေရာတစ်ခုဖြစ်သည့်အတွက် ဗြိတိန်အနေ ဖြင့် ဇမ်ဘီယာနိုင်ငံတွင် ပေါင် ၃ ဘီလီယံဖြင့် အစိုးရ-ပုဂ္ဂလိကအစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်သွားရန် သဘောတူညီပြီးဖြစ်ကြောင်း၊ ထို့အတူ ဗြိတိန်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့သည် အရေးပါသည့်တွင်းထွက်သယံဇာတများနှင့်စပ်လျဉ်း၍ ဝန်ကြီးအဆင့်ဆွေးနွေးပွဲများကို ပုံမှန်ကျင်းပသွားရန် သဘောတူထားပြီးဖြစ်ကြောင်း၊ အလားတူ ဂျပန်နိုင်ငံအနေဖြင့်လည်း အာဖရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဂျပန်စီးပွားရေးဝန်ကြီးအနေဖြင့် ဩဂုတ်လတွင် နမီးဘီးယားနိုင်ငံအပါအဝင် အာဖရိကရှိနိုင်ငံ ၅ နိုင်ငံသို့ သွားရောက် ခဲ့ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံတကာနိုင်ငံရေးမျက်နှာစာတွင် အရေးပါသောနိုင်ငံပေါင်း ၅၀ ကျော်ရှိသည့် အာဖရိကဒေသတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုကြီးထွားလာခြင်းကို ထိန်းသိမ်းနိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် ယခုကဲ့သို့အာဖရိကဒေသတွင် ရင်းနှီး မြှုပ်နှံမှုများဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိကတွင် တွင်းထွက်သယံဇာတနှင့် အခြေခံအဆောက် အဦကဏ္ဍတွင် အများအပြားရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နှင့်ဗြိတိန်နိုင်ငံတို့အနေဖြင့် သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားခြင်းအပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်စွမ်းအင်သိုလှောင်နိုင်သည့် ဘက်ထရီများကဲ့သို့သော အရေးပါသည့်ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်စုံစမ်းသိရှိနိုင်သည့် ယန္တရားတစ်ရပ်တည်ဆောက်သွားနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့အတူ ဂျပန်နိုင်ငံနှင့် ဘက်စုံတိုးတက်သော ပစိဖိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်(CPTPP)တွင် ပါဝင်ရန်ဆောင်ရွက်လျက်ရှိသော ဗြိတိန်နိုင်ငံတို့အနေဖြင့် CPTPP ကို ပိုမိုအားကောင်းစေရေးနှင့် ထိန်းသိမ်းခြင်းဖြင့် ၎င်းတို့၏ ရပ်တည်ချက်ခိုင်မာမှုကို ပြသကာ တရုတ်နိုင်ငံမှ အဆိုပါသဘောတူညီချက်တွင် ပါဝင်လာမှုကို ဟန့်တားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံ၏အဓိကပို့ကုန်ဖြစ်သည့် မော်တော်ကားထုတ်လုပ်ရာတွင် အသုံးပြုရသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းရရှိမှုအခက်အခဲကြောင့် ဂျပန်နိုင်ငံ၏ပို့ကုန်တင်ပို့မှုမှာ တန့်နေခဲ့ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာသက်ရောက်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏အဓိကကုန်ထုတ်လုပ်ငန်းကဏ္ဍများအတွက် အရေးပါသည့်အရင်းအမြစ်များ ဖူလုံမှုရှိစေရေးနှင့် စဉ်ဆက်မပြတ်ရရှိနိုင်မှုသေချာစေရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်ခြင်းအပါအဝင် အရင်းအမြစ်ကြွယ်ဝသည့်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Nikkei Asia News (၄-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News